ကျိုက်ပဒိုင် (ရွှေတိဂုံလေး) စေတီတော်
ပဲခူးမြို့ရွှေမော်ဓောစေတီမြတ်ကြီး၏ တောင်ဘက်ဆံတော်တွင်းလမ်းမကြီးအတိုင်း သွားရောက်၍ ၆ မိုင် ခန့်အကွာတွင် ကျိုက်ပဒိုင်စေတီတော်ကြီးကိုဖူးမြော်နိုင်သည်။ တာတိုင်စေတီတစ်ဆူဖြစ်သည့် ကျိုက်ပဒိုင်(ရွှေတိဂုံလေး) စေတီသည် ပဲခူးတိုင်းဒေသကြီးသနပ်ပင်မြို့နယ် ကျိုက်ပဒိုင်ကြီးကျေးရွာ အနီးတွင်တည်ရှိသည်။ ရန်ကုန်မြို့တွင်ရွှေတိဂုံစေတီတော်ကြီးရှိပြီးဖြစ်သဖြင့် မြတ်စွာဘုရားဆံတော်များကို ကိန်းဝပ်တည်ထားကိုးကွယ်ခြင်းကြောင့် ရွှေတိဂုံလေးဟုဘွဲ့တော်ပူဇော်ခြင်း ဖြစ်ကြောင်းသိရသည်။
မြန်မာနိုင်ငံတစ်ဝန်း ဗုဒ္ဓဆံတော်ရှင်စေတီ အများအပြားရှိသည့်အနက် ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့နယ် အတွင်းရှိ ကျိုက်ပဒိုင်ရွှေတိဂုံလေးစေတီတော်မြတ်ကြီးတစ်ဆူလည်း အပါအဝင်ဖြစ်သည်။
ရန်ကုန်မြို့သိင်္ဂုတ္တရကုန်းမြေမြတ်တွင် တည်ထားကိုးကွယ်သောစေတီတော်မြတ်သည် ပွင့်တော်မူပြီး သော မြတ်စွာဘုရားရှင်လေးဆူဖြစ်သည့် ကကုသန်ဘုရားရှင်၏ တောင်ဝှေးတော်၊ ကောဏဂုံဘုရားရှင်၏ ရေစစ်တော်၊ ကဿပဘုရားရှင်၏ ရေသနုပ်တော်၊ ဂေါတမဘုရားရှင်၏ ဆံတော်မြတ်တို့ ကိန်းဝပ်စံပျော် တော်မူသည့်စေတီတော်ဖြစ်သဖြင့် လေးဆူဓာတ်ပုံရွှေတိဂုံဟူ၍ ဗုဒ္ဓဘာသာဝင်သူတော်စင်များ ကြည်ညို သဒ္ဓါပွားများ ခေါ်ဝေါ်ကြသည်။
ရန်ကုန်မြို့တွင်ရွှေတိဂုံစေတီတော်ကြီးရှိပြီးဖြစ်သဖြင့် ယခုပဲခူးမြို့နယ်အတွင်းရှိ ကျိုက်ပဒိုင်ရွှေတိဂုံလေး စေတီတော်မြတ်သည်လည်း မြတ်ဗုဒ္ဓ၏ဆံတော်သုံးဆူ ကိန်းဝပ်စံပျော်တော်မူသောကြောင့် ရွှေတိဂုံ လေးဟု ဘွဲ့တော်ပူဇော်ခြင်းဖြစ်ကြောင်း သိရသည်။
သမိုင်းကြောင်း
မဟာသက္ကရာဇ် ၁၀၉ ခုနှစ်တွင် ဂန္ဓဝါရီရသေ့သည် ရွှေရောင်အဆင်းရှိသော သုဝဏ္ဏပဗ္ဗတတောင် ယခု ရွှေတိဂုံလေးစေတီတော်မြတ်ကြီး တည်ထားကိုးကွယ်သည့် တောင်ကုန်း၌ ဆံတော်မြတ်သုံးဆူကို မိမိ တစ်နိုင်တစ်ပိုင်သယ်ယူနိုင်သော အုတ်ကျောက်တို့ဖြင့် ဖုံးအုပ်ဖုံးလွှမ်း၍စေတီအလား တည်ထား ကိုးကွယ်လေသည်။ဖျက်ဆီးမည့်သူများ၏ အန္တရာယ်အသွယ်သွယ်မှလည်း ကင်းလွတ်အောင် ဆံတော် မြတ်သုံးဆူကို လုံခြုံစိတ်ချရလေအောင် စီမံဆောင်ရွက်ထားရှိသည်။ ထို့နောက် သက္ကရာဇ် ၂၆၄ ခုနှစ်တွင် ဟံသာဝတီခေတ် (၆) ဆက်မြောက်ဘုရင် ဂိန္ဒရာဇာမင်းသည်ဉာဏ်တော်အမြင့်ခုနစ်တောင်ရှိ စေတီ တော်အဖြစ် တည်ထားကိုးကွယ်ခဲ့ပြီး ရတနာ (၇) ပါးစီချယ်သောရွှေထီးတော်အထွဋ်တင် လှူဒါန်း တော်မူသည်။ဒုတိယဟံသာဝတီခေတ် မင်း ၁၁ ဆက်၊ တတိယဟံသာဝတီ ခေတ် မင်း ၁၉ ဆက် ကုန်ဆုံးသည့်တိုင် နောက် ထပ်ပြုပြင်မွမ်းမံမည့်သူမရှိဘဲ ဉာဏ်တော်ခုနစ်တောင်ဖြင့်သာ စံတော်မူခဲ့ရပြီး လဇ္ဇိပေသလသိက္ခာကာမဝိနယဂရုကဖြစ်တော်မူသော ကလိပ္ပတံလက်ပံဖြူဆရာတော်ကြီးက စေတီ တော်မြတ်အား သဒ္ဓါကြည်ညိုစိတ်ဖြင့် စေတီအနီးပတ်ဝန်းကျင်ရှိ ကျေးရွာသူ၊ ကျေးရွာသားများအား တရားဓမ္မများဟောပြောစည်းရုံးကာ ရွှေတိဂုံလေးစေတီတော်မြတ်အား မယိုယွင်းမပျက်စီးဘဲ အရှည် တည်တံ့ရန် ပြုပြင်ထိန်းသိမ်းပြီး ယခုအချိန်တွင် ဉာဏ်တော်အမြင့်အတောင် ရ၂ တောင် ၁၀၈ ပေ ထိမြှင့်ကာ ပြုပြင်တည်ထား ကိုးကွယ်ခဲ့သည်။
မြန်မာသက္ကရာဇ် ၁၂၆၈ ခုနှစ်တွင် ကျိုက်ပဒိုင်ကြီးကျေးရွာ ဇာတိဖြစ်သည့် ဆရာတော် ဦးပညာဝံသမှ လည်းကောင်း၊ ၁၃၃၇ ခုနှစ်တွင် ဆရာတော်ဦးခေမာဝံသကလည်းကောင်း၊ ၁၃၄၅ ခုနှစ်တွင် ဆရာတော် ဘဒ္ဒန္တဓမ္မသာရ၊ မဟာသဒ္ဓမ္မဇောတိကဓဇ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဆရာတော်ကလည်းကောင်း လက်ဆင့်ကမ်း၍ ခေတ်အဆက်ဆက်အစိုးရမင်းများ၊ တပည့်ဒါယကာ၊ ဒါယိကာမများနှင့်အတူ ကျွန်းကိုင်းမှီ၊ကိုင်းကျွန်းမှီလက်တွဲ သာသနာတော်မြတ်ကြီးနေရောင်၊ လရောင်ပမာထွန်းလင်းတောက်ပလာအောင် သာသနာပြုကြရင်း ဆံတော်ရှင်ရွှေတိဂုံလေး စေတီတော်မြတ်အားလည်း ဘက်စုံဖွံ့ဖြိုးတိုး တက်အောင် ကြိုးစားအားထုတ်ဆောင်ရွက်တော်မူခဲ့ကြသည်။
ဆံတော်ရှင်ရွှေတိဂုံလေးစေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်အား နှစ်စဉ်တပေါင်းလပြည့်နေ့ တွင် စည်ကားသိုက်မြိုက်စွာကျင်းပလေ့ရှိသည်။ စေတီတော်ကြီးသို့ လာရောက်ဖူးမြော်ပါက ပဲခူးမြို့ ရွှေမော်ဓောစေတီမြတ်ကြီး၏ တောင်ဘက်မုခ်၊ ဆံတော်တွင်းလမ်းမကြီးအတိုင်းစေတီတော်အထိ ညီညာ ဖြောင့်ဖြူး သည့် ကတ္တရာ၊ ကွန်ကရစ်လမ်းအတိုင်း ကား၊ ဆိုင်ကယ်၊ စက်ဘီး၊ ခြေကျင်သင့်လျော်ရာဖြင့် လာရောက်ဖူးမြှော်နိုင်ပါသည်။ ဆံတော်ရှင်ရွှေတိဂုံလေးစေတီတော်မြတ်ကြီး ကို ရွှေတိဂုံလေး ဘုရားကြီး ကျောင်းဆရာတော်၊ ဩဝါဒဆရာတော်များ နှင့် ဂေါပကအဖွဲ့က ထိန်းသိမ်း စောင့်ရှောက် ထားပါသည်။
(တင်စိုး(ပဲခူး) ပြည်တွင်းသတင်း၊ Knowledge Corrider.mm, wikipedia)




