ကျိုက်ခေါက်စေတီတော် (သန်လျင်)
ကျိုက်ခေါက်စေတီတော်မြတ်သည် မြန်မာနိုင်ငံရှိတန်ခိုးကြီးစေတီတော်တစ်ဆူဖြစ်၍ ရန်ကုန်မြစ် နှင့် ပဲခူးမြစ်ဆုံရာ ပဲခူးမြစ်၏တောင်ဘက်ကမ်းတွင်ရှိသော ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့ တောင်ဘက် သန်လျင်ကျောက်တန်းလမ်းအနီး ဥတ္တရင်္ဂကုန်းပေါ်၌ ကိန်းဝပ်တော်မူလျက်ရှိသည်။ ကျိုက်ခေါက်စေတီမှာ ရှေးဟောင်းစေတီတော်တစ်ဆူဖြစ်သည့်ပြင် ရှေးမွန်ဗိသုကာပညာရပ်ကို သရုပ်ပြသက်သေခံလျက်ရှိသည်။ ကျိုက်ခေါက်စေတီ၏ ဉာဏ်တော်မှာ ၂၃၃ ပေ၊ ဖိနပ်တော်အဝန်းမှာ ပေ ၉ဝဝ ဖြစ်သည်။ စေတီရင်ပြင်တော်ကို မြန်မာနိုင်ငံအထက်ပိုင်းမှ ကျောက်ပြားအနီများဖြင့် စနစ်တကျဆစ်ချော ခင်းကျင်းထားသည်။
သာသနာသက္ကရာဇ်(၂၄၁)တွင် အရှင်ခေါလကနှင့် သထုံမင်းစူဠသီရိမာသောကမင်း တို့သည် ဂေါတမ မြတ်စွာဘုရား၏ ဆံတော်ခြောက်ဆူနှင့်တကွ သီဟိုဠ်(သီရိလင်္ကာ)မှရရှိသော နဖူးသင်းကျစ်ရိုးနှင့် ဓာတ်တော်များကိုဌာပနာကာ တိုက်စေတီပုံတည်ထားခဲ့ခြင်းဖြစ်သည်။ အရှင်ခေါလကကို အကြောင်း ပြု၍ “ခေါလကစေတီ” ဟုသမုတ်ခဲ့သည်။ ကာလရွေ့လျောလာသည်နှင့်အမျှ “ခေါက်စေတီ၊ ကျော်ခိုက် စေတီ၊ ကျိုက်ခေါက်စေတီ” ဟုတွင်လေသည်။
သက္ကရာဇ်(၇၁၁)တွင် ဟံသာဝတီမင်း ဗညားဦးသည် မူလတိုက်စေတီကို သင်းတိုက်စေတီပုံစံ ပြောင်းလဲ တည်ထားခဲ့သည်။ ဉာဏ်တော် ၂၇-တောင် ဖြစ်သည်။ သက္ကရာဇ်(၇၇၈)တွင် ရာဇာဓိရာဇ်မင်းသည် ဉာဏ်တော်အတောင်သုံးဆယ်ထိ ပြုပြင်တည်ဆောက်သည်။ ကျိုက်ခေါက်စေတီတော်မြတ်သည်ခေတ်သမိုင်းအဆက်ဆက်စိုးစံခဲ့သောမင်းများနှင့် ပြည်သူတို့ဆည်းကပ် ကိုးကွယ်ခဲ့ကြသော ထင်ရှားသော တန်ခိုးကြီး ဘုရားတစ်ဆူဖြစ်သည်။
ဆံတော်ခြောက်ဆူမှာ အရှင်ခေါလကကိုအကြောင်းပြု၍ ရရှိသဖြင့်သော်လည်းကောင်း၊ ထိုအရှင်သီတင်း သုံးရာကျောင်းကုန်းပေါ်တွင် တည်ထားသောကြောင့်လည်းကောင်း ထိုစေတီကို “ခေါလကစေတီ” ဟုသမုတ်ခဲ့သည်။ ကာလရွေ့လျောလာသည်နှင့်အမျှ နှောင်းလူတို့သည် ခေါလကစေတီဟု မခေါ်ကြပဲ ခေါက်စေတီဟုသာခေါ်ကြကုန်သည်။ ဟံသာ၀တီတိုင်းသားတို့မူကား “ကျော်ခိုက်” ဟုခေါ်ကြလေ၏။ ထို့နောက်တွင်မှ ကျိုက်ခေါက်စေတီ ဟုပြောင်းလဲခေါ်ကြ သည်မှာ ယနေ့တိုင်ဖြစ်လေသည်။
ဘုရားသမိုင်းအကျဉ်း
ဂေါတမမြတ်စွာဘုရားပရိနိဗ္ဗာန်ပြုပြီးနောက် ၂၃၆ နှစ်ရောက်သော် အသောကမင်းတရားကိုအမှီပြု၍ အရှင်မောဂ္ဂလိပုတ္တတိဿမဟာထေရ်ကြီးမှူးသော သံဃာအဖွဲ့ကြီးက တိုင်းတစ်ပါးအရပ်များ၌ သာသနာ တော်ကို တည်စေအံ့သောငှာ သာသနာပြုထေရ်တို့ကိုစေလွှတ်လိုက်၏။ ထိုသို့စေလွှတ်ရာတွင် သုဝဏ္ဏ ဘူမိအမည်ရှိသော သထုံပြည်သို့ အရှင်သောဏနှင့် အရှင်ဥတ္တရထေရ်တို့ကို တပည့်ဖြစ်သူ အရှင်သော မာယ နှင့်တကွ စေလွှတ်လိုက်၏။ ထိုအရှင်နှစ်ပါးသည် တပည့်ဖြစ်သူလက်ထောက်သာသနာပြု ရဟန်းတော်အရှင်သောမာယကို ပေါက္ခရဝတီခေါ်ဒဂုံခေါ်၊ ရန်ကုန်မြို့သို့သာသနာပြုရန် တစ်ဆင့်လွှတ် လိုက်သည်။ ထိုအရှင်သည်ပေါက္ခရဝတီ၌ အစဉ်သီတင်းသုံးကာလတွင် က္ခိယကျွန်း၊ သီဟကျွန်းများ၌ သာသနာကိုကောင်းစွာပြု၏။ ဥတ္တရင်္ဂကုန်း၌နေသော ခေါလကမည်သောရသေ့သည် သာသနာ တော်၌ယုံကြည်လာ၍ရဟန်းအဖြစ်ကိုခံယူခဲ့သည်။ ထို့နောက် အရှင်ခေါလသည် ဆရာအရှင်သောမာယ နှင့် အတူ အိန္ဒိယနိုင်ငံ၊ ပါဋလိပုတ်နေပြည်တော် ရှိအသောကမင်းတရားထံသွား၍ မြတ်စွာဘုရား၏ မွေတော်ဓာတ်တော်များကိုပူဇော်ရန် အလို့ငှာတောင်းလေသော် မြတ်စွာဘုရားရှင်၏ဆံတော်၂၄ဆူ ကိုရရှိခဲ့သည်။ ထို့နောက်တွင်သီတင်းသုံးရာ သီဟကျွန်း သို့ပြန်ခဲ့ရာ ပါဒအမည်ရှိသောသင်္ဘောဆိပ်သို့ ရောက်လေ၏။ ပါဒမြို့၌ဆံတော်၂ဆူကို ကိုကွယ်ရန်ပေးခဲ့ရာ နောင်အခါတွင် ကျိုက်ဒေးရစေတီတွင် ဌာပနာထားလေသည်။ ပါဒနိုင်ငံမှသန်လျင်ရွာခေါ်စကားရွာအထိ ဌာပနာတည်ထားကိုးကွယ်ရန် အသီးသီးပေးအပ်ခဲ့ရာ အရှင်ခေါလကသီတင်းသုံးသော ဥတ္တရင်္ဂကုန်း(ယခုအခေါ်လှိုင်းပုတ်ကုန်း) တွင် လည်းတည်ထား ကိုးကွယ်ရန်အတွက် ဆံတော်ခြောက်ဆူကိုရရှိခဲ့ပါသည်။
သာသနာသက္ကရာဇ် (၂၄၁) တွင်အရှင်ခေါလကနှင့် သထုံမင်းစူဠသီရိမာသောကမင်းတို့သည် ဂေါတမမြတ်စွာဘုရား၏ ဆံတော် ခြောက်ဆူကိန်းဝပ်ရန်ဌာပနာကာ တိုက်စေတီတစ်ဆူကိုတည်ထားခဲ့ခြင်းဖြစ်သည်။ နှောင်းပိုင်းတွင် (ဘုရင့်နောင်မင်းတရားကြီး၏စေခိုင်းချက်အရ သန်လျင်မြို့ဝန်ကတော်ရှင်ငြိမ်းကိုတာဝန်နှင်း၍) သီဟိုဠ် (သီရိလင်္ကာ) မှရရှိသော နဖူးသင်းကျစ်ရိုးနှင့် ဓာတ်တော်များကို ဖြည့်တင်းဌာပနာကာ စေတီတော်ကို ညဏ်တော် (၅၆)တောင်အထိ ပြန်လည်တည်ထားခဲ့သည်။
၉၃၆ခုနှစ်တွင်- သထုံမင်းဓမ္မပါလသည်ဂဝံကျောက်အုတ်တို့ဖြင့် တန်ဆောင်းသစ်ကိုတည်ဆောက် လှူဒါန်းခဲ့ပြီး ကျောင်း၊ သိမ်၊ ဇရပ်၊ တန်ဆောင်း၊ စောင်းတန်းများကိုလည်းပြုပြင်ခဲ့သည်။ စေတီတည်ရာ တောင်၏အရှေ့မြောက် ခြေရင်းအရပ်တွင် ဓမ္မပါလကျောင်းကြီးကိုလည်း တည်ဆောက်လှူဒါန်းခဲ့ပါ သေးသည်။
ဘုရားပြုပြင်ခြင်းသမိုင်း
သာသနာသက္ကရာဇ်(၂၄၁) တွင် စတည်တည်ထားစဉ်က တိုက်စေတီအဖြစ်သာတည်ထားခဲ့ပြီး မြန်မာ သက္ကရာဇ်(၄၂၄)ခုနှစ်၊ ခရစ်နှစ်၁၀၆၂ ခုနှစ်တွင်ခုနှစ်တွင် အနော်ရထာမင်းက ဂဝံ၊ အုတ်တို့ဖြင့် တိုးချဲ့ တည်ပေးရာ တိုက်စေတီထိပ်မှပြာသာဒ်ဟောင်းကိုဖယ်ပြီး သင်တိုင်းစေတီကို အစားထိုးတည်ထားခဲ့ သည်။
မြန်မာသက္ကရာဇ် ၇၁၀- ခုနှစ်တွင် ငလျင်လှုပ်ခတ်မှုကြောင့် စေတီတော်မှာပြိုကျပျက်စီးသဖြင့် (၆)နှစ် အကြာ ၇၁၆-ခုနှစ်တွင် ဟံသာဝတီမင်း ဗညားဦးသည် တိုက်စေတီပုံစံမှ အနော်ရထာမင်းကြီး တည်ထား ခဲ့သည့်အတိုင်း ဉာဏ်တော်ကို ၂၇ တောင်မြှင့်၍ သင်တိုင်းစေတီသစ်ကို ပြောင်းလဲတည်ထားခဲ့သည်။
သက္ကရာဇ်(၇၇၈)တွင်စေတီတော်မှာ နှစ်ခြမ်းကွဲကျခဲ့ရာ ရာဇာဓိရာဇ်မင်းသည် ရှိပြီးသားဌာပနာအပြင် ဌာပနာအသစ်များ ထပ်မံဖြည့်တင်းပြီး ဉာဏ်တော်အတောင်သုံးဆယ်ထိ ပြုပြင်တည်ဆောက်ခဲ့ရာ သက္ကရာဇ် ၇၇၉-ခုနှစ်တွင် ပြီးစီး၍ ရွှေသင်္ကန်းပါကပ်လှူပူဇော်ခဲ့သည်။
မြန်မာသက္ကရာဇ်(၈၁၂) ခုနှစ်တွင် မိုးကြိုးခသဖြင့်ထီး၊ ငှက်မြတ်နား၊ ကြာဖူးတို့ကို သားတော် ဗညားကျန်းဒေါက အင်းဝလက်ရာ ထီးတော်သစ်တင်လှူပူဇော်ခဲ့သည်။
မြန်မာသက္ကရာဇ်(၈၂၂) ခုနှစ်၊ သက္ကရာဇ်(၈၂၀)တွင် ငလျင်ကြောင့်ပန်းတင်ခုံပြိုပျက်ရာ သက္ကရာဇ်(၈၂၂) တွင်ဘုရင်မကြီး ရှင်စောပုနှင့် ဓမ္မစေတီမင်းတို့က ပြန်လည်တည်ဆောက်ခဲ့သည်။
မြန်မာသက္ကရာဇ်(၈၉၀) ခုနှစ်တွင် လေပြင်းမုန်တိုင်းတိုက်ခတ်သောကြောင့်ထီးတော်မြေခခဲ့သည်။ သန်လျင်မြို့စား ဗကတ်နှင့် ကျိုက်ခေါက်သူကြီးတို့က ဦးဆောင်၍ ထီးတော်သစ်လှူခဲ့သည်။
မြန်မာသက္ကရာဇ်(၉၂၄) ခုနှစ်၊ နယုန်လဆန်း(၆)ရက်၊ ဗုဒ္ဓဟူးနေ့တွင် ကြီးစွာသောငလျင်ကြောင့် ပန်းတင်ခုံ ပါမကျန် ပြိုကွဲပျက်စီးခဲ့ရာ သန်လျင်မြို့စားကတော်ရှင်ငြိမ်းက ဘုရင့်နောင်မင်းတရားကြီးကိုယ်စား သီဟိုဠ်မှရသော နဖူးသင်းကျစ်ရိုးတော်နှင့် ဓာတ်တော်မွေတော်များကိုပါထပ်ဖြည့်ဌာပနာ၍ အမြင့်(၅၆) တောင်ရှိသော စေတီကိုတည်ပေးခဲ့ကာ ဆင်ခံကျောက်ထီးကိုလည်း ရင်ပြင်တော်အရှေ့တောင်ဘက်တွင် တည်လှူခဲ့သည်။
မြန်မာသက္ကရာဇ်(၉၂၇) ခုနှစ်တွင် ဘုရင့်နောင်၏ ရွှေကွပ်ကျောက်စီထီး၊ ငှက်မြတ်နားနှင့်ကြာဖူး တို့ကို တင်လှူခဲ့သည်။
မြန်မာသက္ကရာဇ်(၉၅၂)ခုနှစ်တွင် သန်လျင်မြို့စားသီဟမာရီနှင့်ကတော်သုဂန္ဒကလျာတို့အားနန္ဒမင်းက ငလျင်ကြောင့် ပြိုပျက်ခဲ့သော ထီးတော် နေရာတွင် ရွှေကွပ်ကျောက်စီထီးတော်သစ်ကို တင်လှူပူဇော် စေခဲ့သည်။
ကျိုက်ခေါက်စေတီကို သန်လျင်မြို့ဘောဂသေနမင်း၏ သမီးတော်ရှင်မွေနွန်းက ဒုတိယအကြိမ် ဓာတ်တော်များကို ဌာပနာတော်မူခဲ့၍ နောက်မင်းအဆက်ဆက်တို့ ပြုပြင်တော်မူခဲ့ကြသည်။ သို့သော် ပေါ်တူဂီလူမျိုး ငဇင်္ကာခေါ်ဖိလစ်ဒီဗရစ်တိုလက်ထက် သက္ကရာဇ် ၉၆၅ ခုနှစ်မှ ၉၇၅ ခုနှစ်ခန့်အတွင်း ကျိုက်ခေါက်စေတီတော်ကို ပြုပြင်မွမ်းမံသည့်သူ မရှိသဖြင့် တောကြီးအတိ ဖြစ်ပြန်သည်။
မြန်မာသက္ကရာဇ်(၉၇၅)ခုနှစ်တွင် အနောက်ဘက်လွန်မင်းသည် ရွှေကွပ်ကျောက်စီထီးတော်အသစ် တင်လှူပူဇော်ခဲ့ သည်။
မြန်မာသက္ကရာဇ်(၁၀၇၆) ခုနှစ်တွင် တနင်္ဂနွေမင်းက အင်္ဂတေအသစ်တင်လှူပေးခဲ့သည်။
မြန်မာသက္ကရာဇ်(၁၁၃၀)ခုနှစ်တွင် ငလျင်ကြောင့်ကျည်းဝန်းမှ အထက်ပြိုကျခဲ့ရာ ပစ္စယံနှင့် ပန်းတင်ခုံတို ကွဲအက်ပျက်စီးခဲ့သောကြောင့် မြေဒူးမင်းခေါ်ကုန်းဘောင်ဆင်ဖြူရှင်မင်းအမိန့်ဖြင့် သန်လျင်မြို့ဝန်နှင့် အရာရှိတို့က ဘုရင့်ဘဏ္ဍာတော်ဖြင့် ပြန်လည်တည်ထားခဲ့ရာ ရွှေတိဂုံစေတီပုံစံတူဖြစ်ပြီး ဉာဏ်တော်မှာ (၁၀၈) တောင် မြင့်ပေသည်။
သက္ကရာဇ် ၁၁၃၃ ခုနှစ်တွင် မိုးနဲရောက် ဂန္ဓသာရအရှင်သူမြတ် ကြီးမှူး၍မြို့သူမြို့သား တို့က ထပ်လောင်းမွမ်းမံကာ တံတိုင်းကာရံ ဆောက်လုပ်ခဲ့ကြသည်။
ဆင်ဖြူရှင်မင်းတရားကြီးသည် သက္ကရာဇ် ၁၁၃၆ ခုနှစ်ရွှေတိဂုံစေတီတော်တွင် ထီးတော်အသစ် တင်တော်မူပြီး နောက်၊ ၁၁၃၇ ခုနှစ်၌ ကျိုက်ခေါက်စေတီတော်ကိုလည်း ထီးတော်တင်တော်မူခဲ့သည်။ ၁၁၄၃ ခုနှစ်က စေတီတော်ပြိုပြန်ရာ ဘိုးတော်ဘုရားက ပြင်ဆင်မွမ်းမံခဲ့လေသည်။
မြန်မာသက္ကရာဇ်(၁၂၂၀) ခုနှစ်တွင် သန်လျင်မြို့အုပ်ဦးသာဒွန်းအောင်နှင့်ဇနီးဒေါ်ပွင့် သားသမီးတစ်စု တို့က ထီးတော် သစ်လှူခဲ့သည်။
မြန်မာသက္ကရာဇ်(၁၂၇၈) ခုနှစ်တွင် ဦးသာဒွန်းအောင်၏သမီးဒေါ်သက်စံက (၁၂၇၇) ခုနှစ်တွင်ချွတ်ယွင်း တိမ်းစောင်း သွားသောထီးတော်အစား အမြင့်ကိုးတောင်တမိုက်ရှိသော ဘုံကိုးဆင့်ထီးတော်သစ်ကို တင်လှူ ပေးခဲ့သည်။
(၁၂၉၂)ခုနှစ်တွင် ပဲခူးမြို့နှင့်အတူငလျင်ဒဏ်ခံရသဖြင့်ကြောင့်ခေါင်းလောင်းပုံမှ အထက်ပိုင်းပြိုကျခဲ့ သည်။ ထိုပြိုကျပျက်စီးမှုများကို ဂေါပကအဖွဲ့ကကြီးကြပ်၍ မြန်မာသက္ကရာဇ်(၁၂၉၄)ခုနှစ်တွင် ဘုံကိုးဆင့် ထီးဒါယကာ သူဌေးဦးဘရှင် + ဇနီး ဒေါ်ခင်ညွှန့်၊ ငှက်မြတ်နားတော်အလှူရှင်ဘုရားအမ ဒေါ်လှမယ်၊ စိန်ဖူးဒါယကာဦးဘခင်+ဇနီးဒေါ်စောရင် တို့နှင့် ဘီအိုစီကုမ္မဏီ နှင့်အသင်းအဖွဲ့တို့က စုပေါင်းပြုပြင် တည်ထားရာ ဉာဏ်တော်အမြင့်(၁၂၃) တောင်၊ ပေအားဖြင့် ၁၈၄ ပေ ၆ လက်မရှိသည်မှာ ယနေ့ဖူးမြော် နေရသည့် ဆံတော်ရှင်ကျိုက်ခေါက်စေတီတော်ပင်ဖြစ်သည်။
မြန်မာသက္ကရာဇ်(၁၃၃၀) ခုနှစ်မှာတော့ လေပြင်းဒဏ်ကြောင့် စိန်ဖူးတော်နှင့်စိန်လှံသုံးချောင်းမြေခရာ အများပြည်သူ ကောင်းမှုဖြင့် ပြန်လည်တင်လှူခဲ့သည်။
မြန်မာသက္ကရာဇ်(၁၃၄၂)တွင်လည်း စိန်ဖူးတော်နှင့်ငှက်မြတ်နားတော်တို့ကို အများပြည်သူတို့၏ကောင်းမှု ဖြင့် ဖြည့် စွက်ပြုပြင်မွမ်းမံ၍ ပြန်လည်တင်လှူခဲ့သည်။
သမိုင်းဝင်နေရာများ
စေတီတော်မြတ်ကြီး၏ တနင်္ဂနွေထောင့်တွင် ရှေးမြန်မာမင်းများ၊ စစ်သူကြီးများ ဆုတောင်း အဓိဋ္ဌာန် ပြုလုပ်ရာ အောင်မြေတည်ရှိသည်။ စေတီတော်ကြီး၏အရှေ့တောင်ထောင့်တွင် ဟံသာဝတီဘုရင် ဘုရင့်နောင်ကျော်ထင်အနော်ရထာ လှူဒါန်းခဲ့သောဆင်ခံကျောက်ထီးကိုတွေ့နိုင်ပါသည်။ စေတီတော် ကြီးသည် ၁၂၉၂ ခုနှစ်တွင် ငလျင်ဒဏ်ခံရပြီး ငှက်ပျောဖူးတော်ပြိုကျမြေခခဲ့ရသည်။ ပြိုကျခဲ့သော ငှက်ပျောဖူးကို မဖြိုမဖျက်စေဘဲ၊ ငှက်ပျောဖူးပုံအရံစေတီအဖြစ် ၁၃၀၁ ခုနှစ်တွင် အရှေ့တောင် အထက် ပစ္စယာတွင် တည်ထားကာမြေခခဲ့သည့်ထီးတော်ကြီးကိုအရံစေတီအဖြစ် အရှေ့မြောက်ထောင့်တွင် ထီးတော်ပုံစေတီတော်ကို တည်ထား ခဲ့သည်။
Knowledge Corrider.mm, wikipedia




