ကျိုက်သမွန်စေတီ (ခေါ်) နံယောဘုရား

မြသိန်းတန်စေတီနှင့် (၇) မိုင်ကျော်အကွာတွင် ကျိုက်သမွန် ခေါ် နံယောဘုရားတည်ရှိပါသည်။ ကျိုက်သမွန်ဟူသည့်အခေါ်အဝေါ်သည် ဒေသတွင်မသုံးနှုန်းဘဲ သန်လျင်ခရိုင်သုံးခွမြို့နယ် နံယောကျေးရွာအနီး တွင်ရှိသည့်အတွက် နံယောဘုရားဟုသာ ဒေသခံများကခေါ်ဆိုကြသည်။

နံယောစေတီသည် တာတိုင် ဘုရား ၁၁ ဆူအနက် ၁၀ ဆူမြောက်ဟု ယူဆထားကြသည်။ အဘယ်ကြောင့်ဆိုသော် အခြားတာတိုင် ဘုရားများနှင့် လမ်းကြောင်းတူတည်ရှိခြင်း၊ ဘုရားတည်ရာတွင် အသုံးပြုထား သည့် အုတ်အရွယ်အစား များတူညီနေခြင်း၊ မြသိန်းတန်ဘုရားနှင့် ၄.၅၅ မိုင်ခန့် အကွာအဝေးတွင် တည်ရှိခြင်း၊ တံတိုင်းအကြွင်း အကျန်များတည်ရှိခြင်း စသည့်အချက်များကြောင့် ၁၀ ဆူမြောက်စေတီ အဖြစ် ယူဆသတ်မှတ် ထားခြင်းဖြစ်သည်။သို့သော်လည်းထပ်မံသုတေသနပြုလုပ်ရန်လိုအပ်ပါသည်။ ကျိုက်နံကမာဘုရားဟု အမည်တွင်ပြီး လက်ရှိတွင်ဆရာတော် ဦးပညာသာမိက ဘုရားကြီးအားထိန်းသိမ်းစောင့်ရှောက်လျက်ရှိ ပြီး နှစ်စဉ်တပေါင်းလဆန်း(၁၅) ရက်တွင်ဘုရားပွဲကျင်းပလေ့ရှိသည်။ နံယောဘုရားနှင့် ပက်သတ်ပြီး ၂၀၀၃ ခုနှစ်မတ်လတွင် ပထမအကြိမ်ထုတ်ဝေသည့် “သမိုင်းဝင်ကျိုက်ဇွဲပြည့်သီဟိုဠ် ဓာတ်တော်ရှင် စေတီတော်မြတ်ကြီး နှစ် ၄၀၀ ရာပြည့် သာသနာမှတ်တမ်းစာအုပ်”၌ စေတီတည်ကြမြတ်ဌာနအခန်းတွင် ဖော်ပြချက်အရ စေတီတော်ကြီးကို သာသနာတော်သက္ကရာဇ် ၂၁၄၇ ခုနှစ်တွင် ဗညားဦးနှင့် ဗညားဒလ အမတ်ကြီး (၂) ဦး အဖွဲ့တို့ တည်ထားကြောင်း ကန်စောင့်နတ်သမီးညွှန်ပြသောနေရာတွင် တည်ထားရသောကြောင့် ကျိုက်နံကမာဟု ဘွဲ့တော်သမုတ်ခဲ့ကြောင်း ကာလရှည်ကြာ၍ မြန်မာတို့ လက်ထက်၌ နံယော ဘုရားဟုအမည်တွင်ကြောင်းသိရှိရပါသည်။

(ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန၊ ပဲခူးဌာနခွဲ၊ Knowledge Corrider, wikipedia)