ရဲမွန်စေတီတော်

တာတိုင်ဘုရားရှစ်ဆူမြောက် စေတီဖြစ်သည့် ရဲမွန်စေတီသည် ရန်ကုန်တိုင်းဒေသကြီး သန်လျှင်ခရိုင် ခရမ်းမြို့နယ် အနောက်ဖက်ယွန်းယွန်း အမှတ်(၉) ရပ်ကွက် ကမာကလူကျေးရွာတွင် တည်ရှိပါသည်။

ဘုရားဝတ္တကမြေ (၅) ဧကခန့်ရှိပြီး ရန်ကုန်မြို့မှရေကြောင်းခရီးဖြင့် ၃၆မိုင် အကွာတွင်ရှိပါသည်။ သမလမင်း၏ မိဖုရားရွှေဖရုံမယ်က မိဖုရားကြီးဖြစ်လာခဲ့သော်လည်း ကျဆုံးကွယ်လွန်ခဲ့သော ဆွေတော်မျိုးတော် မွန်လူမျိုးသူရဲကောင်းများကိုလွမ်းဆွတ်သတိရသောအားဖြင့် သေဆုံး၊ကွယ်လွန်၊ ကျဆုံး သူများအတွက်ရည်စူး၍ အထိမ်းအမှတ်နေရာများတွင် ဘုရားစေတီများတည်ထား ကိုးကွယ် လိုကြောင်း သမလမင်းကြီးအားလျှောက်တင်ရာ မိဖုရားကြီးဆန္ဒအတိုင်းခွင့်ပြုတော်မူသဖြင့် ပထမဦးစွာ ခရမ်းမြို့အနီးရှိ မင်္ဂလာကန်တော်ရှိရာအရပ်တွင် စစ်သူကြီးဖိုးထူး နှင့် အထိန်းတော်မအေးပု ဆွေတော်မျိုးတော်အကြီးအကဲသူရဲကောင်းများအား လွမ်းဆွတ်တမ်းတသည့်အနေဖြင့် သက္ကရာဇ် (၁၀၉) ခုနှစ်တွင် ဆွေတော်မျိုးတော်များ၏ လက်ဝတ်ရတနာပစ္စည်းများကို ဌာပနာ ပြီး ဉာဏ်တော် ၁၈ တောင် ရှိသော ရဲမွန်စေတီကို တည်ထားခဲ့ပါသည်။ မွန်ဘာသာအရ ရဲစွမ်းသတ္တိရှိသော မွန်လူမျိုး၊ ဆွေမျိုးစုဟု အဓိပ္ပာယ်ရသည်။ စေတီတော်တည်ရာတွင် အသုံး ပြုခဲ့သောကန်မင်္ဂလာမှာ စေတီတော်၏ အနောက်ဖက် ရင်ပြင်အနီးတွင် ယနေ့တိုင်တည်ရှိနေဆဲဖြစ်ပါသည်။

 သန်လျှင်ခရိုင်ခရမ်းမြို့နယ် ကမာကလူကျေးရွာ အုပ်စုအတွင်း တည်ရှိပြီးမြို့နယ်သံဃနာယကအဖွဲ့ ဉက္ကဋ္ဌဆရာတော်ဦးပညာဇောတမှ ရှေးမူမပျက် ပြုပြင်ထိန်းသိမ်းလျက်ရှိပါသည်။ စေတီတော်၏ ဉာဏ်တော်အမြင့်မှာ အတောင်(၄၀) ပေအားဖြင့် (၆၀) ရှိပါသည်။ဘုရားပွဲတော်ကို နှစ်စဉ်တပိုတွဲလပြည့် နေ့တိုင်းစည်ကားသိုက်မြိုက်စွာကျင်းပလျက်ရှိပါသည်။ ဘုရား၏အနောက်ဖက်တည့်တည့်တွင် ရှေးဟောင်းရေကန်တစ်ကန်တည်ရှိပါသည်။ စေတီတည်ဆောက် ရန် အုတ်ဖုတ်ကြစဉ် မြေတူးရာတွင် ကျန်ရှိသောရေကန်ဟုသိရှိရပြီး လေးဖက်လေးတန်တွင် ရှေးဟောင်း အုတ်များဖြင့် ဘောင်ပြုလုပ်ထားရှိပါသည်။

(ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန၊ ပဲခူးဌာနခွဲ၊ Knowledge Corrider.mm, wikipedia)