ဟံသာဝတီခေတ်ဘုရင်များ တည်ထားခဲ့သော တာတိုင်ဘုရားများ

တာတိုင်ဘုရားများသမိုင်း

ဟံသာဝတီခေတ် ကူးသန်းသွားလာရေးအတွက် ပဲခူးဟံသာဝတီမှတစ်ဆင့် သန်လျင် ပင်လယ်ဝ အထိ ရေလမ်းခရီးလမ်းကြောင်းကို ဆက်သွယ်သွားလာရန် အသုံးပြုခဲ့ကြသည်။ ကုန်းလမ်းကြောင်း အတွက်လည်း ဟံသာဝတီ-သန်လျင်လမ်းကြောင်းကို အသုံးပြုခဲ့ကြသည်။ ယင်းလမ်းကြောင်းကို ဒုံးလမ်းကြောင်းဟုလည်း ခေါ်ဆိုကြပြီး ပဲခူးဟံသာဝတီနှင့် သန်လျင်အစုန်အဆန်ခရီးအတွက် ရေလမ်းကြောင်းကို အသုံးပြုစရာမလိုဘဲ ရာသီမရွေး အတိုဆုံး၊ အမြန်ဆုံး သွားလာရောက်ရှိနိုင်သည့် ကုန်းလမ်းကြောင်းကို ရည်ညွှန်းသည်။ ထိုသို့ လျင်လျင်မြန်မြန် ဆက်သွယ်သွားလာနိုင်ရန် အသုံးပြုခဲ့သည့် ဒုံးလမ်းပေါ်တွင် ဟံသာဝတီဘုရင်များက စေတီများ တည်ထားကိုးကွယ်ခဲ့ကြသည်။ ယင်းဘုရားများကို တာတိုင်ဘုရားများဟုလည်း ခေါ်ဝေါ်ကြသည်။ လက်ရှိတွင် တာတိုင်ဘုရား ၁၁ ဆူသည် ပဲခူးနှင့် ရန်ကုန်ဒေသနှစ်ခု၌ တည်ရှိသည်။ ယနေ့ခေတ် ဆက်သွယ်ရေးလမ်းကြောင်းသည် အင်္ဂလိပ်ခေတ်ကာလက ဖောက်လုပ်ခဲ့သော ပဲခူး-သနပ်ပင်-ခရမ်း-သုံးခွ ရထားလမ်းဟောင်း လမ်းကြောင်းအတိုင်း ပဲခူး-သနပ်ပင်-ခရမ်း-သုံးခွ-သန်လျင် ကားလမ်းကို ဖောက်လုပ်အသုံးပြုနေခြင်း ဖြစ်ပါသည်။“ဟံသာဝတီခေတ် လူမှုဘဝများကို ဒုံးလမ်းကြောင်းနဲ့ တာတိုင်ဘုရားများမှ တစ်ဆင့် လေ့လာကြည့်ရှုနိုင်ပါသည်။

တာတိုင်စေတီများ တည်ရှိရာလမ်းကြောင်း

ရွှေမော်ဓောဘုရားမှအစပြု၍ ကျိုက်ပဒိုင် (ရွှေတိဂုံလေး) စေတီ၊ မိုးခိုင်ကြီး(ကျိုက်မူးကမော့နွတ်)စေတီ၊ ကျိုက်မတ်ကော်စေတီ၊ မိုးဂနိန်း (ကျိုက်သို့ပုသိမ်)စေတီ၊ ကျိုက်ခရုစေတီ၊ ကျိုက်မထီးစေတီ၊ ရဲမွန်စေတီ၊ မြသိန်းတန်စေတီ၊ ကျိုက်သမွန်ခေါ် နံယောဘုရားနှင့် ကျိုက်ခေါက်ဘုရားအထိ အစဉ်လိုက်ဖြစ်ပါသည်။

တာတိုင်ဘုရား ၁၁ ဆူနက် ကျိုက်မထီးစေတီ၊ ရဲမွန်စေတီ၊ မြသိန်းတန်စေတီ၊ ကျိုက်သမွန်(ခေါ်) ကျိုက်နံယောစေတီနှင့် ကျိုက်ခေါက်ဘုရားတို့သည် ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင်အတွင်း တည်ရှိပြီး ကျန်ဘုရားများသည် ပဲခူးတိုင်းဒေသကြီးတွင် တည်ရှိပါသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ တာတိုင်ဘုရားများ
ပဲခူး-သန်လျင် ဒုံးလမ်းကြောင်းနှင့် တာတိုင်ဘုရားများ တည်နေရာပြပုံ