ရွှေမော်ဓောဘုရားမှ တတိယမြောက်တာတိုင်ဘုရားမှာ ကျိုက်မူးကမော့နွတ်ဖြစ်သည်။ ပဲခူးတိုင်း ဒေသကြီးသနပ်ပင်မြို့နယ် ပဲခူး-သံလျှင် ဒုံးလမ်း၏အရှေ့ဘက်မိုးခိုင်ကြီးကျေးရွာ အနောက်မြောက်ဘက် တွင်တည်ရှိ၍ မိုးခိုင်ကြီးဘုရားဟုအမည်တွင်သည်။မိုးခိုင်ကြီးဘုရားသည် မြတ်စွာဘုရားရှင်၏သွားတော် ဓာတ် (၃၃) ဆူမှ (၁) ဆူ ကိုဌာပနာ၍တည်ထားကိုးကွယ်ပါသည်။ မိုးခိုင်ကြီးဘုရားကို မွန်ဘာသာဖြင့် ကျိုက်မှုးကမော့နွတ်ဟုခေါ်ဆိုပြီး ကျိုက်မှာဘုရား၊ မူးမှာအမွန်း၊ ကမော့မှာကျော်၊ နွတ်မှာအကြီး ကျောက်စွန်းဘုရားကြီးဟု အဓိပ္ပာယ်ရသည်။ မိုးခိုင်ကြီးမိုးခိုင်လေးဘုရား(၂) ဆူ တည်ထားကြောင်း စစ်ကဲဦးရွှေနော်က မွန်ရာဇဝင်နှင့် စေတီတော်များသမိုင်းပေါင်းချုပ်တွင် ဖော်ပြထားသည်။ မိုးခိုင်ကြီးဘုရား၏ထူးခြားချက်မှာ လှေကား၊ မဟာရန်တံတိုင်းများကို ဂဝံ ကျောက်များဖြင့် တည်ဆောက်ထားခြင်းဖြစ်ပါသည်။ AD ရာစုတွင် ဓမ္မစေတီမင်းက မွန်ဘာသာဖြင့်ကျောက်စာရေးထိုးလှူဒါန်းခဲ့ပါသည်။ ယနေ့အချိန်တွင် ကျောက်စာအပိုင်းအစများသာ ကျန်ရှိပါသည်။ အုတ်ပုံကြီးသဖွယ်ဖြစ်၍ ယိုယွင်းပျက်စီးနေသော ပေ ၂၇၀ ခန့်မြင့်သော ရှေးဟောင်း မိုးခိုင်ကြီးစေတီတော်ပေါ်တွင် ဉာဏ်တော် ၄၈ ပေ ခန့်မြင့်သော စေတီတစ်ဆူ ကို ဒေသခံများက ၁၉၆၂ ခုနှစ်တွင် တည်ထားကိုးကွယ်ခဲ့ပြီး ဘုရားပွဲတော်ကို နှစ်စဉ်တပေါင်းလဆန်း(၈) ရက်နေ့တွင်ပြုလုပ် လျက်ရှိပါသည်။
(ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန၊ ပဲခူးဌာနခွဲ၊ Knowledge Corrider.mm, wikipedia)
