ကျိုက်မတ်ကော်စေတီတော်
ကျိုက်မတ်ကော်စေတီတော် သည် သုဝဏ္ဏဘူမိ − ဟံသာဝတီ − ဥဿာပဲခူး စသည့် မွန် − မြန်မာမင်း အဆက်ဆက်တို့တည်ထားကိုးကွယ်ခဲ့သည့် ရှေးဟောင်းသမိုင်းဝင်စေတီတော်တစ်ဆူ ဖြစ်၏။ မြတ်စွာ ဘုရားဆံတော်ကိန်းဝပ်စံပယ်တော်မူရာ စေတီတော်ဖြစ်ပြီး ဉာဏ်တော်အတောင် ၂၁၀ ရှိသည့်အတွက် မြန်မာနိုင်ငံတွင် စတုတ္ထမြောက် ဉာဏ်တော်အမြင့်ဆုံး စေတီတော်တစ်ဆူ ဖြစ်သည်။
တည်နေရာ
စေတီတော်သည်မိုးခိုင်ကြီးစေတီတော်နှင့် (၄) မိုင်ခန့်အကွာ ကဝမြို့ ၏ အရှေ့ဘက် ၃ မိုင် ၅ ဖာလုံ အကွာတွင်တည်ရှိသည့် ဖလေးရွာ တွင်တည်ရှိပါပြီး ရာသီမရွေးသွားလာနိုင်ပါသည်။ ဖလေးရွာသည် ကဝ − အုန်းနှဲ ကားလမ်းဘေး ၆ ဖာလုံအကွာတွင် တည်ရှိသည်။ စေတီတော် မြတ်ကြီး၏ ကုန်းတော်သည် ပဲခူးရိုးမ၏ တောင်စွယ်တစ်ခုဖြစ်သည့် ဟင်္သာကုန်း − ကျိုက်ပဒိုင်၊ တာဝ − ဖလေး−မိုးဂနိန်း ကုန်းတန်းတွင်တည်ရှိသည်။ ထိုကုန်းတန်းကို နာဂဟတ္ထိကုန်း သို့မဟုတ် ကျိုက်ဒေးကော် ဟုခေါ်ဆိုခဲ့ကြသည်။ မြန်မာတို့က ကုန်းတော်ကို နာဂဟတ္ထိ ကုန်းတော်ဟု ခေါ်ဆိုခဲ့ကြသည်။ စေတီတော်မြတ်ကြီး၏ တည်ရာကုန်းတန်းသည် လည်ပင်း သဏ္ဌာန်ရှိသဖြင့် ရှေးခေတ်မွန်တို့သည် ကျိုက်ဒေးကော်ဟု ခေါ်ဆိုခဲ့ကြသည်။ ကျိုက်ဒေးကော်၏ အဓိပ္ပာယ်မှာ ကျိုက် = ဘုရား၊ ဒေး = တောင်၊ ကော် = လည်ပင်း၊ တောင်လည်ပင်းဘုရားဟု အဓိပ္ပာယ်ရ၏။
သမိုင်းကြောင်း
မဟာသက္ကရာဇ် ၁၁၀ ပြည့်နှစ်တွင် ဖြစ်၏။ ထိုအချိန်တွင် သုဝဏ္ဏဘူမိတိုင်း၊ သုဓမ္မဝတီသထုံပြည်ကြီး တွင် တိဿဓမ္မသီဟရာဇာ (မဟာသီရိမာသောကမင်း) သည်စိုးစံလျက်ရှိ၏။ ထိုအချိန်ကာလတွင် မဇ္ဈိမ ဒေသ၌ မြတ်စွာဘုရားသည် သတ္တဝါဝေနေယျတို့အား တရားလှည့်လည်ဟောကြားလျက်ရှိ၏။တစ်နေ့ သောအခါ မြတ်စွာဘုရား၏သာဝကတစ်ဦးဖြစ်သည့် ဂဝံပတိရဟန္တာသည် ဘဝဟောင်းက မိခင်၊ အတိတ် ဘဝကမွေးစားဖခင် သီဟကုမာရရသေ့၊ ဘကြီးတော်တိဿကုမာရရသေ့နှင့် နဂါးဥဖွားနောင်တော် သုဝဏ္ဏဘူမိပြည့်ရှင်မဟာသီရိမာသောကမင်းတို့ကို ကျေးဇူးဆပ်လိုသဖြင့် သထုံပြည်သို့ ကောင်းကင်ခရီး ဖြင့်ကြွရောက်တော်မူ၏။ ထို့နောက်တွင်မိစ္ဆာဒိဋ္ဌိအယူလွှမ်းမိုးလျက်ရှိနေသော မိခင် ဖြစ်သူနှင့်ဆွေမျိုးများ ကို တရားများဟောကြားတော်မူ၏။ ထို့နောက်ရသေ့နှစ်ပါးနှင့် ဘုရင်မင်းမြတ် တို့သည် မြတ်စွာဘုရား အား ဖူးတွေ့လိုသဖြင့် ပင့်ဆောင်ပေးရန် ပြောကြား၏။ထို့နောက်မထေရ်သည် မဇ္ဈိမဒေသသို့ပြန်သွား ကာ မြတ်စွာဘုရားအားလျှောက်ထားတော်မူ၏။ ထိုအခါ မြတ်စွာဘုရားသည် (၁) ထိုဒေသတွင် သာသနာ တော်ထွန်းလင်းမည်ကိုလည်းကောင်း၊ (၂) အတိတ်ဘဝက ဆွေတော်မျိုးတော်များ ကျွတ်တမ်းမဝင်ကြ သေးသည်ကိုလည်းကောင်း၊ (၃) သတ္တဝါများကျွတ်တမ်းဝင်ကြစေလို၍ လည်းကောင်း စသည့် အကြောင်းခြင်းရာများကြောင့်သုဝဏ္ဏဘူမိ သထုံပြည်သို့ ကြွတော်မူ၏။ ထို့နောက်မြတ်စွာဘုရားသည် မင်းနှင့် တကွသော တိုင်းသူပြည်သားများကို တရားရေအေးများ တိုက်ကျွေးတော်မူ၏။ မင်းနှင့် ပြည်သူတို့သည် လည်း မြတ်စွာဘုရားနှင့် နောက်ပါ ရဟန္တာ ၅၀၀ တို့ကို ဆွမ်း တို့ဖြင့် ခုနစ်ရက်တိုင် လုပ်ကျွေး၏။
ဆံတော်ပေးသနားခြင်း
ထိုကဲ့သို့ မြတ်စွာဘုရားသည် ခုနစ်ရက်ပတ်လုံး သီတင်းသုံးနေစဉ် ကေလာသတောင်ထိပ်နေ ရသေ့ကြီး၊ အတွင်းမိုးဂနိန်းအနောက်တောစွန်းနေ ရသေ့ကြီးအပါအဝင် ရသေ့ခြောက်ပါးတို့သည် မြတ်စွာဘုရားထံမှ ပူဇော်ရန်အလို့ငှါဗုဒ္ဓပူဇနိယပစ္စည်းကိုတောင်းခံလျှောက်ထား၏။ ထိုအခါ မြတ်စွာ ဘုရားသည် ဆံတော်မြတ်ခြောက်ဆူ ပေးသနားတော်မူ၏။ ထို့နောက်ရသေ့တို့သည် မိမိတို့နေရပ်များသို့ မြတ်စွာဘုရား၏ဆံတော်ကို ပင့်ဆောင်ကာ ကိုးကွယ်တော်မူခဲ့သည်။
အတွင်းမိုးဂနိန်းနေရသေ့ကြီးသည်လည်း မိမိ၏နေရပ်သို့ပြန်လာခဲ့သည်။ ထိုအခါအတူနေရသေ့နှစ်ပါး သည် မြတ်စွာဘုရား၏ဆံတော်ကို မိမိတို့ပူဇော်ခွင့်မရကြဟု စိတ်နှလုံးမသာမယာဖြစ်ကြ၏။ ထိုအခါ အတွင်းမိုးဂနိန်းနေရသေ့ကြီးသည် စိတ်နှလုံးမသာမယာမဖြစ်ကြဘဲ “မြတ်စွာဘုရား၏ ဆံတော်အား မိမိတို့ သုံးဦးပူဇော်ခွင့်ရပါစေသတည်း” ဟု အဓိဋ္ဌာန်လေရာဆံတော်သည် သုံးဆူ ဖြစ်သွား၏။ ထိုအခါ ရသေ့သုံးပါးသည်တစ်ပါးလျှင်ဆံတော်တစ်ဆူစီယူကာ မိမိတို့နေထိုင်ရာ အရပ်ဒေသများတွင် အများသူငါ ဖူးမြော်နိုင်ရန်စေတီတည်ကြသည်။ ထိုရသေ့သုံးပါး တည်ထားကိုးကွယ်တော်မူခဲ့သည် စေတီတော်များမှာ မိုးဂနိန်းစေတီတော်၊ ကျိုက်မတ်ကော်စေတီတော်နှင့် ကျိုက်သီရိဓမ္မသိုက်စေတီတော်တို့ ဖြစ်ကြသည်။
သာသနာနှစ် ၁၉၁ ခုနှစ်တွင် တောခြုံအောက်ပျောက်နေသောစေတီကို သထုံပြည့်ရှင် မဟာသီရိမာသောကမင်းကတည်ထားခဲ့ပါသည်။ စေတီတော်၏ ဉာဏ်တော်အမြင့်မှာ ၃၁၅ ပေ ရှိပြီး ဟံသာဝတီမြို့ ၃၂ မြို့တွင်ပါဝင်သည့် ဇွဲပုံခေါ် ဇွဲကပုံမြို့ဟောင်းအနီးတွင် တည်ရှိပါသည်။ ၁၃၆၁ ခုနှစ်တွင် စေတီတော်ကြီး၏အောက်ခြေမှ အသစ်တဖန်ပြုပြုင်တည်ဆောက်ခဲ့ရာ မူလဖိနပ်တော်မှ ၃၆၀ ပြည့်အထိ တိုးချဲ့ခြင်း၊ ၁၃၅၆ခုနှစ်တွင် ထီးတော်တင်ခဲ့သော စေတီငယ်အားငုံ၍ လက်ရှိဉာဏ်တော် ၃၁၅ ပေရှိသောစေတီတော်အသစ်တည်ဆောက်ခြင်း၊ ပန်းစေတီ (၄၅) ဆူ တည်ဆောက်ခြင်း၊ ရဟန္တာ (၅၀၀) ၏ ရုပ်ထုတော်များတည်ဆောက်ခြင်းတို့ကိုဆောင်ရွက်ခဲ့ကြပြီး ယခုအခါ ဩဝါဒစရိယဆရာတော်များနှင့် ဂေါပကအဖွဲ့တို့ကထိန်းသိမ်းစောင့်ရှေက်လျက်ရှိပါသည်။ ကျိုက်မက်ကော်စေတီ၏ဘုရားပွဲတော်ကို တပိုတွဲလဆန်း ၁၄ ရက် ၁၅ ရက်နှင့် လပြည့်ကျော်(၁) ရက်နေ့များတွင် ကျင်းပလေ့ရှိပါသည်။
(ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန၊ ပဲခူးဌာနခွဲ၊ Knowledge Corrider.mm, wikipedia)







